ဒစ်ဂျစ်တယ်မားကတ်တင်းဆိုတာဘာလဲ

 

        ဒစ်ဂျစ်တယ်မားကတ်တင်းဆိုတာ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် ဒစ်ဂျစ်တယ်နည်းပညာ ဒါမှမဟုတ် ဒစ်ဂျစ်တယ်မီဒီယာတွေကို အသုံးပြုပြီး မားကတ်တင်းပြုလုပ်ခြင်းပါပဲ။ ကုန်ကျစရိတ်သက်သာပြီး အလွန်ထိရောက်တဲ့ရလဒ်တွေ ပြန်ခံစားရတာကြောင့် ဈေးကွက်ရှာဖွေရေးနည်းစနစ်တွေကို တခေတ်ဆန်းသစ်စေခဲ့ပါတယ်။ 

         ကုန်ပစ္စည်းအသစ်တစ်ခု မိတ်ဆက်ဖို့၊ လူတွေစိတ်ဝင်စားလာအောင်လုပ်ချင်တဲ့အခါ ရွေးချယ်စရာက Traditional Marketing ဖြစ်တဲ့ Billboard တွေ၊ TV Channel တွေပဲရှိတာလား။ ဟိုအရင်ကတော့ TV မှာ ကြော်ငြာနိုင်ရင် အကောင်ပဲဆိုပေမယ့် ဒီဘက်ခေတ်မှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ တချိန်က လူတွေရဲ့အားလပ်ချိန်ကို TV ကြည့်ရင် ကုန်ဆုံးကြပေမယ့် အခုတော့ Social Media တွေပေါ်မှာပဲ အချိန်ကုန်ဆုံးလာကြပါပြီ။ ကိန်းဂဏန်းတွေအရကတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက်က ဆိုရှယ်မီဒီယာအသုံးပြုနေကြပြီလို့ ဆိုထားကြပါတယ်။ ဒါကြောင့်ပဲ လူတွေစိတ်အာရုံကို ဖမ်းစားရတဲ့ ဈေးကွက်ရှာဖွေရေးသမားတွေက ကျန်တဲ့နေရာတွေထက် Social Media တွေမှာ ကြော်ငြာထည့်ဖို့ကို  အသည်းအသန်ကြိုးစားလာကြပါတယ်။

        အွန်လိုင်းမှာ ကြော်ငြာထည့်ရခြင်းရဲ့ အားသာချက်က ကိုယ်ပေးချင်တဲ့ Message ကို လူတွေအများဆီ ရောက်အောင် ပို့ပေးနိုင်တာတင်မဟုတ်ဘဲ ဘယ်သူတွေမြင်အောင်လုပ်မယ်ဆိုပြီး ရွေးချယ်ကန့်သတ်လို့ရတဲ့အပြင် ထိရောက်မှုရလဒ်တွေကိုလည်း ပြန်လည်ကြည့်ရှုလို့ရတဲ့အတွက် နောက်ထပ်လုပ်မယ့်ကြော်ငြာမှာ ထည့်သွင်းသုံးသပ်လို့ရပါတယ်။ 

        ဥပမာ - တီဗီမှာ ကြော်ငြာထည့်မယ်ဆိုပါစို့။ ဘယ်အချိန်မှာ ပြသမယ်၊ ဘယ် TV Show မှာ ပြသမယ်ဆိုပြီး ရွေးချယ်နိုင်သော်လည်း အဲ့ဒါကို ဘယ်သူတွေက ထိုင်ကြည့်သွားတယ်ဆိုတာကိုတော့ ပြန်သိရမှာမဟုတ်ပါဘူး။ အွန်လိုင်းမှာ ကြော်ငြာထည့်မယ်ဆိုရင်တော့ အသက်အပိုင်းအခြား၊ စိတ်ဝင်စားမှု၊ နေထိုင်မှုပုံစံ စသဖြင့် တစ်ခုချင်းစစ်ထုတ်ပြီး ကိုယ့်ကြော်ငြာကို ကိုယ်မြင်စေချင်တဲ့သူတွေမြင်အောင် ဖန်တီးနိုင်ပါတယ်။ 

        အားသာချက်နောက်တစ်ခုကတော့ ကြော်ငြာထည့်လိုက်ပြီးတာနဲ့ ကြော်ငြာရဲ့ထိရောက်မှုကို ပြန်ကြည့်လို့ရတာပါပဲ။ ဒီအချက်က မားကတ်တင်းသမားတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါပဲ။ ဒီအချက်အလက်တွေဟာ နောက်ထပ်လုပ်မယ့်ကြော်ငြာတွေမှာ ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်မှုပိုရှိအောင်၊ လူတွေစိတ်ဝင်စားလာအောင် ဖန်တီးတဲ့နေရာမှာ အများကြီးအသုံးတည့်ပါတယ်။


Post a Comment

Previous Post Next Post