Facebook မှာ ကြော်ငြာတင်တော့မယ်ဆိုရင် ဘယ်လိုလူတွကို မြင်စေချင်သလဲဆိုတာကလည်း အဓိကစဥ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ မှန်ကန်တဲ့ဖောက်သည်တွေဆီ ကိုယ့်ကြော်ငြာရောက်ဖို့၊ ရောင်းအားတွေတက်လာဖို့ဆိုတာ ဒီအချက်နဲ့ အများကြီး သက်ဆိုင်ပါတယ်။
ကြော်ငြာတစ်ခုတည်ဆောက်တော့မယ်ဆို အရင်ဆုံးစဥ်းစားရမှာက ဘာကိုကြော်ငြာမှာလဲ၊ ဘယ်လိုလူတွေကို ကြော်ငြာမှာလဲ၊ လက်ရှိဖောက်သည်တွေက ဘယ်လိုလူတွေလဲ ဆိုတာတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို သေသေချာချာ သုံးသပ်ပြီးမှ ဖန်းတီးလိုက်တဲ့ကြော်ငြာကသာ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့သူတွေဆီ ရောက်ရှိသွားမှာဖြစ်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့်အိတ်ထဲက ဒေါ်လာတွေ လေထဲဝဲသွားပါလိမ့်မယ်။ ကိုယ့်ဆီ ဘာမှ ပြန်ရောက်လာမှာ မဟုတ်ပါဘူး။
အောက်ပါ အချက် (၄) ခုနဲ့ လူတွေကို အကြမ်းဖျင်း ခွဲထုတ်လိုက်လို့ရပါတယ်။
- လိင်အမျိုးအစား (Gender)
ကြော်ငြာတစ်ခုကို ယောကျ်ားကော မိန်းမပါ မြင်စေချင်သလား။ ယောက်ျားလေးတွေကိုပဲ ပြမှာလား၊ မိန်းကလေးတွေကိုပဲ ပြမှာလား။ ဆိုလိုချင်တာက မိန်းမဝတ်အင်္ကျီကြော်ငြာကို ယောကျ်ားလေးတွေမြင်သွားလို့ ကိုယ့်အတွက် ထူးခြားမှု ခံစားရမှာမဟုတ်ပါဘူး။ အဲ့သလိုပဲ ပုဆိုးကြော်ငြာကို ယောကျ်ားလေးတွေ မြင်အောင် ပြနိုင်မှသာ ကိုယ့်ရောင်းအားတက်လာမှာပါ။ လူကြီးသူမကို ကန်တော့ဖို့ မိန်းကလေးတွေလည်း ပုဆိုးဝယ်နိုင်တယ်ဆိုပေမယ့် အရေအတွက် အရမ်းနည်းပါတယ်။
- အသက်အရွယ် ( Age )
ကြော်ငြာတစ်ခုကို အသက်အရွယ် ၁၃ နှစ်ကနေ ၆၅ နှစ် အထက်တွေအထိ စိတ်ကြိုက်ရွေးချယ်ပြသလို့ရပါတယ်။ သို့သော်လည်း အချို့သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ကြော်ငြာတွေကို Facebook ဘက်က ကန့်သတ်ထားတာတွေရှိနိုင်ပါတယ်။ ဥပမာ - အသက် ၁၈ နှစ်ပြည့်ပြီးသူများကိုသာ ကြော်ငြာခွင့်ပေးမယ်ဆိုတာမျိုးပေါ့။
- တည်နေရာ ( Location )
ရပ်ကွက်ထဲကသူတွေကိုပဲ ကြော်ငြာမှာလား။ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးမှာ ရှိသမျှလူကို ကြော်ငြာမှာလား။ ဒါမှမဟုတ် ရန်ကုန်နှင့် ပဲခူးမြို့သာလျှင် ဆိုပြီး အကန့်အသတ်နဲ့ကြော်ငြာမှာလား။ အစရှိသဖြင့် စိတ်ကြိုက်ရွေးချယ် သတ်မှတ်နိုင်ပါတယ်။
- စိတ်ဝင်စားမှု၊ အမူအကျင့် အစရှိသဖြင့် ( Interest, Behaviors )
အားလုံးထဲမှာမှ ဒီအချက်က ပိုပြီးအရေးကြီးပါတယ်။ ဘောလုံးပွဲကြည့်တတ်သူ၊ အစားအသောက်စိတ်ဝင်စားတဲ့သူ၊ အွန်လိုင်းမှာ ဈေးဝယ်တတ်တဲ့သူ၊ ဂိမ်းကစားတဲ့သူ အစရှိသဖြင့် သေသေချာချာ ခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်သတ်မှတ်ပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် မွေးနေ့ကိတ်ရောင်းမယ့်သူဟာ လာမယ့်တစ်လ နှစ်လအတွင်း မွေးနေ့ရှိတဲ့သူတွေကို ကြော်ငြာနိုင်မှသာ ထိရောက်မှုရှိမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင် အသေးစိတ် လေ့လာလိုပါက Facebook Blueprint ကိုသွားပါ။
